ချေးငွေတစ်ခု မရယူခင်မှာ ဘာတွေအရင်ဆုံး ကြိုတင်တွက်ချက်ထားရမလဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။
ချေးငွေအမျိုးမျိုးရှိတာကို ကြိုတင်လေ့လာထားပါ။
ကားဝယ်ဖို့အတွက်ချေးငွေ၊ အိမ်ဝယ်ဖို့အတွက်ချေးငွေ၊ ပုဂ္ဂိုလ်ရေးအတွက် ချေးငွေ နှင့် ပညာရေးအတွက်ချေးငွေဆိုပြီး စသည်ဖြင့်ချေးငွေ အမျိုးအစားအစုံရှိပါတယ်။ ဒီလိုချေးငွေထဲမှာမှ ကိုယ့်အတွက် လိုအပ်တဲ့အရာကိုသိရှိပြီး ချေးငွေရယူခြင်းက ပိုပြီးအကျိုးရှိစေပါတယ်။ ဥပမာ အိမ်ဝယ်ဖို့ချေးငွေ ကိုရယူမယ်ဆိုရင် ချေးငွေသက်တမ်းအများဆုံး (၁၅) နှစ်အထိရရှိခံစားနိုင်ပါတယ်။ ဒီလိုမတူညီတဲ့ ချေးငွေသက်တမ်းတွေဟာ ချေးငွေအမျိုးအစားပေါ်မူတည်ပြီးကွဲပြားကြပါတယ်။ ဒါကြောင့် ဘယ်သက်တမ်းအထိ ချေးငှားဖို့လိုလဲဆိုတာတွက်ချက်ထားသင့်ပါတယ်။
လစဉ်ပြန်ဆပ်ရမယ့်ငွေ ကိုသေချာပြန်ပေးဖို့အတွက်တွက်ချက်ပါ။
ချေးငွေယူပြီဆိုရင် လစဉ် အတိုးနဲ့ပြန်ဆပ်ရပါတယ်။ ဘယ်လောက်ပြန်ဆပ်ရမလဲဆိုတာ ကို ချေးငွေယူတဲ့ဘဏ်မှာဖြစ်ဖြစ်၊ လိုင်စင်ရငွေချေးလုပ်ငန်းက ဖြစ်ဖြစ် တွက်ချက်ပေးလိုက်မှာဖြစ်ပါတယ်။ အဲဒီပမာဏကို သေချာပြန်ဆပ်နိုင်လားဆိုတာကို ကိုယ့်ရဲ့ဝင်ငွေနဲ့ သုံးငွေကို အရင်တွက်ချက်သင့်ပါတယ်။ ဒါမှချွေတာသင့်တာချွေတာလို့ရပြီး လစဉ်ပြန်ဆပ်နိုင်မှာပါ။
အကျိုးအမြတ်ရှိမရှိတွက်ချက်ပါ။
ချေးငွေ ရယူ ခြင်းဟာ မိမိ အကျိုးဖြစ်ထွန်းဖို့အတွက် အတိုးပေးပြီးရင်းနှီးမြှုပ်နှံတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဥပမာမြင်အောင်ပြောရရင် ကားဝယ်ဖို့အတွက် ၀င်ငွေကိုစုမယ်ဆိုရင် ၃ နှစ်ကြာမယ်။ ချေးငွေယူပြီး ၀ယ်ယူလိုက်မယ်ဆိုရင် ခုချက်ခြင်း ကားတစ်စီးပိုင်ဆိုင်ရရှိနိုင်မယ်။ အတိုးပေးရတယ်ဆိုပေမယ့် လက်ရှိ ပိုင်ဆိုင်နေတဲ့ ကားတစ်စီးနဲ့ အကျိုးစီးပွားဖြစ်ထွန်းဖို့အတွက်၊ ၀င်ငွေပိုရဖို့အတွက် ဖြစ်ဖြစ် တစ်ခုခု အကျိုးအမြတ်ရလိုက်မယ်ဆိုရင် ချေးငွေရယူခြင်းဟာ အဓိပ္ပာယ်ရှိပါတယ်။ ဒါကြောင့် ချေးငွေမယူခင်ထဲက ချေးငွေနဲ့ ၀ယ်မယ့် ပစ္စည်းပဲဖြစ်ဖြစ် ရင်းနှီးမှုတစ်ခုက ကိုယ့်အတွက်သေချာ အကျိုးရှိရဲ့ လားဆိုတာသေချာတွက်ချက်စေချင်ပါတယ်။
မိမိ အတွက် အဆင်ပြေမယ့်အတိုးနဲ့ချေးငွေရရှိဖို့အတွက်တွက်ချက်ပါ။
ချေးငွေရယူနိုင်တဲ့ဘဏ်ပဲဖြစ်ဖြစ်၊ ငွေကြေးအဖွဲ့အစည်းတွေပဲဖြစ်ဖြစ် တစ်ခုနဲ့တစ်ခုဟာ ချေးပေးမယ့်ပမာဏနဲ့ အတိုးကွာခြားမှုတွေရှိပါတယ်။ အများအားဖြင့်တော့ ဘဏ်တွေကနေရယူတဲ့ချေးငွေတွေက အတိုးအနည်းဆုံးဖြစ်ပါတယ်။ ချေးငွေအမြောက် အမြားကိုလည်း ဘဏ်တွေက ထုတ်ချေးပေးပါတယ်။ ပမာဏအနည်းငယ်နဲ့ လပြန်တိုး နေ့ပြန်တိုးလို့ခေါ်တဲ့ချေးငွေတွေကတော့ အတိုးပေးရတာများပြားလို့ အရင်ဆုံးချေးငွေမယူခင် မှာ ကိုယ့်အတွက်အဆင်ပြေဆုံးဖြစ်ဖို့အတွက် တွက်ချက်ပြီးရွေးချယ်သင့်ပါတယ်။