Express ကားကြီးတွေနဲ့ခရီးသွားတဲ့အခါ လက်မှတ်မှာ အာမခံပါပြီး ဆိုတဲ့ စာကို တွေ့ ဖူးကြမယ် ထင်ပါတယ်။ အဲဒီ အာမခံက သင့်ကို ဘယ်လောက်ထိလျော်ပေးမှာလဲဘယ်လိုပုံစံတွေ လျော်ပေးမှာလဲဆိုတာနဲ့ တခြား ခရီးသွားအာမခံအမျိုးအစားတွေ လည်းပြောပေးသွားမှာပါ။
ပထမဆုံးအကြံပေးချင်တာကတော့ သင် Express နဲ့ဖြစ်ဖြစ် ကိုယ်ပိုင်ကားနဲ့ဖြစ်ဖြစ် လေယာဉ်နဲ့ဖြစ်ဖြစ် မည်သည့်ယဉ်နဲ့မဆို ခရီးသွားတဲ့အခါ အာမခံ လုပ်ဖို့ပါ။ လမ်းခရီးမှာ မမြင်နိုင်တဲ့ အန္တရယ်တွေအတွက် စိတ်သက်သာရာ ရဖို့ ခရီးသွား အာမခံထားဆိုတာဖြစ်လာတာပါ။ မလွှဲမရှောင်သာ အန္တရယ် နဲ့တွေ့ကြုံရမယ်ဆိုရင် ခရီးသွားအာမခံမရှိတဲ့အခါ ရုတ်တရက် ငွေကြေးပြသနာလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း ခရီးသွားကုမ္ပဏီ တော်တော်များများဟာ အာမခံ လုပ်ပေးထားပြီး ခရီးသည်တွေ စိတ်အေးဖို့ ၀န်ဆောင်မှုတွေပေးနေရခြင်းဖြစ်ပါတယ်။
ခရီးသွား အာမခံ ကြေး (Premium) ကလည်းဈေးသိပ်မများတဲ့အတွက် ခရီးခဏခဏ သွားတတ်တဲ့သူတွေ သာမက ရံဖန်ရံခါမှ သွားတက်တဲ့သူတွေ လည်း အာမခံထားသင့်ပါတယ်။ မတော်တဆကြောင့် သေဆုံးမှုဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဆေးရုံတက်ကုသရခြင်း နဲ့ မတော်တဆမှုကြောင့် တစ်သက်လုံး မသန်မစွမ်းဖြစ်သွားခြင်း တွေအတွက်လျော်ကြေးငွေရရှိမှာဖြစ်ပါတယ်။
ခရီးသွားအာမခံအမျိုးအစား (၃) မျိုှးရှိပါတယ်။ မိုင်၁၀၀ အောက်ခရီး၊ ပြည်တွင်းပြည်ပခရီးနဲ့ အထူးခရီးသွားအာမခံပါ။
မိုင် ( ၁၀၀ ) အောက်ခရီး အာမခံအတွက် အာမခံကြေးမှာ ၁၀၀ ကျပ်ဖြစ်ပြီး ခရီးစဉ် တစ်ခု ကိုUnit တစ်ခုသာ ၀ယ်ယူလို့ရမှာဖြစ်ပါတယ်။ သေဆုံးမှုအတွက် လျော်ကြေးအနေနဲ့ သိန်း (၂၀) ရရှိမှာဖြစ်ပြီး ဆေးရုံတက်ကုသမှု နဲ့ အလုပ်ပျက်ကွက်ခြင်း အကျိုးအတွက်တော့ တစ်ပတ် ကို ၃၂၀၀ ကျပ်နဲ့ ၅၂ ပတ်ထိ အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ မိုင် ၁၀၀ အောက် ခရီးသွားအာမခံကို တော့ အများစု က သိပ်ပြီး မထားကြပါဘူး။အန္တရယ် များတဲ့နေရာ တွေ ကိုသွားမှသာထားသင့်ပါတယ်။
ပြည်တွင်းပြည်ပခရီးအတွက် အာမခံသက်တမ်း ၁ ရက် ကနေ အများဆုံး ၃ လအထိ ထားလို့ရပြီး ယူနစ် (၂၀) အထိဝယ်ယူလို့ရပါတယ်။ သေဆုံးမှုအကျိုးခံစားခွင့်အတွက် ၁ ယူနစ် ကို (၅) သိန်းကျပ် နှုန်းနဲ့ ယူနစ် (၂၀ ) ကို သိန်း ၁၀၀ အထိ လျော်ကြေးငွေ ရရှိမှာဖြစ်ပါတယ်။ ပြည်တွင်းခရီးစဉ် အာမခံကြေးအနေနဲ့ တစ်ယူနစ် အတွက် ၁ ရက်ကို ၁၀၀ ကျပ်မှ ၃လ အတွက် ၅၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး ယူနစ် (၂၀) အထိဝယ်ယူလို့ရနိုင်မှာဖြစ်ပါတယ်။ ပြည်ပ ခရီးစဉ် အာမခံကြေး တစ်ယူနစ် အတွက် လည်း ၁ရက် ကို ၂၀၀ကျပ် မှ ၃လ ကို ၅၀၀ ကျပ်နဲ့ ယူနစ် (၂၀) အထိ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။
အထူးခရီးသွားအာမခံအတွက်တော့ ခရီးစဉ်တစ်ခုအတွက်ပဲ အကြုံးဝင်မှာဖြစ်ပြီး တစ်ယူနစ်ကို (၃၀၀) ကျပ်နဲ့ ယူနစ် နှစ်ခု ထိဝယ်ယူလို့ရပါတယ်။ သေဆုံးမှုအတွက်ကို တော့ တစ်ယူနစ် အတွက် လျော်ကြေး သိန်း (၃၀) နဲ့ နှစ်ယူနစ် ၀ယ်ထားမယ်ဆိုရင် သိန်း(၆၀) ရရှိမှာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရမှု တွေအတွက် တော့ အများဆုံး တစ်ယူနစ်ကို (၂၄) သိန်း ရရှိနိုင်မှာဖြစ်ပြီး ဆရာဝန်ထောက်ခံချက်နဲ့ လျော်ကြေးတောင်းခံရမှာဖြစ်ပါတယ်။ Express ကားတွေနဲ့ ခရီးသွားကားတွေ အကုန်လုံးမှာ ဒီ အထူးခရီးသွားအာမခံကို အသုံးပြုကြပါတယ်။