Budget

မှန်ကန်တဲ့နည်းလမ်း နဲ့ကလေးတွေကို ငွေကြေးဆိုင်ရာအသိ တွေ ဘယ်လိုသင်ပေးမလဲ

blog image

မှန်ကန်တဲ့နည်းလမ်း နဲ့ကလေးတွေကို ငွေကြေးဆိုင်ရာအသိ တွေ ဘယ်လိုသင်ပေးမလဲကျွန်တော်တို့ငယ်ငယ် က ပွဲဈေးတွေသွား ပြီ ဆိုရင် မုန့်ဖြစ်ဖြစ်၊ အရုပ်ဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ပစ္စည်းတစ်ခုကို မိဘတွေကို ပူဆာပြီး အော်ငိုလေ့ရှိပါတယ်။ အဲဒီအခါ မိဘတွေက ဆူပူကြိမ်းမောင်းပြီးဆက်ဆံတာရှိသလို အလိုလိုက်ပြီး ၀ယ်ပေးလိုက်တာလဲရှိပါတယ်။ တကယ်တော့ ဒီလိုပြုမူဆက်ဆံလိုက်ခြင်းဟာ ကလေးကို ငွေကြေးနဲ့ပတ်သက်ပြီး အသိ၊ စိတ်ခံစားမှုကိုလျော့နည်းစေပါတယ်။ 

ဒီတော့မှန်ကန်တဲ့နည်းလမ်းနဲ့ကလေးတွေကို ဘယ်လိုသင်ပေးကြမလဲ ဆိုတာ မိဘ တိုင်းသိထားသင့်တယ်ထင်လို့ Danatoe မှ မျှဝေပေးလိုက်ပါတယ်။ 

သေချာတာကတော့ ကလေးကို လိုချင်တာ ချက်ခြင်းပူဆာတိုင်းဝယ်ပေးလိုက်တာမျိုး လည်းလုပ်စရာမလို သလို ဆူပူပြီး ရိုက်နှက်တာမျိုးလဲမပြုလုပ်သင့်ပါဘူး။

 

ဒီတော့ ပထမဆုံးအချက် က ငွေစုဖို့အတွက် အကျင့်လုပ်ပေးပါ။ 

ဒါကတော့အရေးကြီးဆုံးအချက်ပါ။ ငယ်ငယ်ထဲက လိုချင်တဲ့ပစ္စည်းတစ်ခုကို ၀ယ်ဖို့အတွက် ကလေးကို တစ်နေ့မုန့်ဖိုးဘယ်လောက်ဆိုပေးထားပြီး စုဗူးလေး မှာ စုခိုင်းပါ။ ဘယ်နှစ်ရက် ဘယ်နှစ်လကြာ ရင်ဘယ်လောက်စုမိပြီး ၀ယ်လို့ရမယ်ဆိုတဲ့ အသိကို သင်ပေးတာဖြစ်ပါတယ်။ အဲလိုငွေစုတတ်အောင်သင်ပေးတဲ့အခါ သူတို့လိုချင်တဲ့ပစ္စည်းကိုရဖို့ အချိန်ဘယ်လောက်ပေးရတယ်ငွေဘယ်လောက်စုရတယ်ဆိုတာ ကိုတဖြည်းဖြည်းနားလည်လာမှာဖြစ်လို့ မိဘတွေကို လဲပိုပြီး နားလည်မှုရှိစေမှာပါ။

 

ငွေကိုဘယ်တော့မှအလကားမပေးပါနဲ့။ 

ကလေးတွေကို မုန့်ဖိုးဆိုပြီး ဒီတိုင်းပေးလိုက်တာထက် အိမ်အလုပ်တစ်ခု ဖြစ်ဖြစ်သူလုပ်နိုင်တဲ့အရာတစ်ခုကို လုပ်ခိုင်းပြီးမှပေးပါ။ ဒီအခါကလေး မှာ ငွေကြေးဆိုတာ အလကားမရပဲ တစ်ခုခုပေးဆပ်ပြီးမှရလိုက်တဲ့ဆိုတဲ့အသိတစ်ခုတော့ ၀င်စေမှာဖြစ်ပါတယ်။ ဒါဟာအသက်ရလာတဲ့အခါမှာ ငွေကြေးကို တန်ဖိုးထားတက်လာစေမှာဖြစ်ပါတယ်။

 

ကလေးတွေအတွက် Child Saving Account ကိုဖွင့်ပေးပါ။ 

ငယ်စဉ်ထဲက စားဖို့ အတွက်ဖြစ်စေ၊ ၀ယ်ဖို့အတွကဖြစ်စေ ငွေကြေးစုဆောင်းခိုင်းတာမျိုးချည်း မလုပ်စေပဲ ရင်းနှီးမြုပ်နှံပြီးဝင်ငွေတိုးစေမယ့်အရာကို သင်ပေးပါ။ ဒါကတော့ ကလေးအတွက် Saving Account တစ်ခုဖွင့်ပေးထားပြီး တစ်လစုရင် ဘယ်လောက်အမြတ်ရမယ်ဆိုတာ ကို ကလေးကိုငွေကြေးနဲ့ပတ်သက်ပြီး အခြေခံအသိပညာသင်ပေးခြင်းပါပဲ။ 

Child Saving Account ဖွင့်လို့ရနိုင်တဲ့ ဘဏ်တွေကို အောက်ကလင့်မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

https://www.danatoe.com/saving.php

 

ရောင့်ရဲတင်းတိမ်နိုင်တဲ့စိတ်ကို မွေးမြုပေးပါ

သူငယ်ချင်းတစ်ယောက် ကိုသူ့အမေကဖုန်းဝယ်ပေးလိုက်လို့ပဲဖြစ်ဖြစ် ဒါကို သူလဲလိုချင်တယ်ဆိုပြီး ကလေးတွေပြောတယ်ဆိုတာ သဘာဝတစ်ခုပါ။ လူတွေရဲ့စိတ်ဗီဇ ဟာ မရှိတဲ့ဟာကိုမှလိုချင်ပြီး ရတဲ့ပမာဏကိုမလောက်ဘူးလို့တွေးထင်တက်ပါတယ်။ ဒီလိုစိတ်ကို မိဘတွေက အချိန်ပေးပြီး ကလေးကို နားလည်အောင် ပွင့်ပွင့်လင်းလင်း နဲ့ရောင်ရဲတင်းတိမ်နိုင်အောင် ရှိတာနဲ့လောက်အောင်သုံး၊ ရတာနဲ့ပျော်အောင်နေ တက်ဖို့ အတွက်သင်ပေးဖို့လိုပါတယ်။   

 

လိုချင်တဲ့ပစ္စည်းနဲ့လိုအပ်တဲ့ပစ္စည်း စာရင်းကို ရေးခိုင်းပါ 

ဒီအကျင့်ကတော့ ကလေးတွေကို ငယ်ငယ်ထဲက ၀ယ်ရမယ့်အသုံးလိုတဲ့ ပစ္စည်းကို ဦးစားပေးတတ်ဖို့ရယ် စိတ်ခံစားချက် အလျောက် လိုချင်တာဝယ်မိတဲ့အခါ အသုံးလိုတဲ့အရာတစ်ခုအတွက် မ၀ယ်နိုင်ဖြစ်သွားတဲ့ ဥပမာလေးတွေနဲ့ ကလေးတွေကိုသင်ပေးခြင်းဖြစ်ပါတယ်။ 

ချစ်တာနှင့် နှစ်တာကို ခွဲခြားသိပြီး မိဘနဲ့ကလေးတိုင်း စိတ်ချမ်းမြေ့ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။ 

သင်နဲ့သင့်မိသားစုအတွက် အကောင်းဆုံးငွေကြေးအကြောင်းအရာတွေကို ဖော်ပြပေးမယ့် #Danatoe