Card

Credit Card ကိုစတင် အသုံးပြုမယ်ဆိုရင် ဘာတွေလိုအပ်မလဲ ?

blog image

၂၀၁၅ ခုနှစ်နောက်ပိုင်းမှ စတင်ပြီးပြည်တွင်းဘဏ်တွေမှာ Credit Card ၀န်ဆောင်မှုကိုရလာပါတယ်။ 

ပထမ ဆုံးပြည်တွင်းမှာစတင်အသုံးပြုတဲ့အချိန်မှာတော့ တစ်ခါမှမသုံးဖူးတဲ့သူတွေအတွက် နားမလည်ပဲ အတိုးတွေအရမ်းတက်နေတာတွေ့ရပါတယ်။

ဒီတော့ အကြွေးဝယ်ကဒ်လို့ခေါ်တဲ့ Credit Card အကြောင်းနဲ့ စတင်ကိုင်ဆောင်အသုံးပြုတော့မယ်ဆိုရင် သိထားဖို့ လိုအပ်တဲ့ အချက်တွေ ပြောပေးသွားမှာဖြစ်ပါတယ်။

Credit Card ဆိုတာကတော့ ဘဏ်သို့မဟုတ် ကုမ္ပဏီ တစ်ခု ကနေပြီးတော့ ကဒ်ကိုင်ဆောင်သုံးစွဲသူတွေအတွက် ပစ္စည်းဝယ်ရာမှာဖြစ်စေ၊ ငွေသားထုတ်ယူချင်လို့ပဲဖြစ်စေ၊ Website များတွင်ဖြစ်စေ အစရှိတဲ့ ၀ယ်ယူမှုတွေ အတွက် ငွေချေးယူအသုံးပြုနိုင်ဖို့ ထုတ်ပေးထားတဲ့ အကြွေးဝယ်ကဒ်တစ်ခုဖြစ်ပါတယ်။ 

Credit Card ကိုရယူဖို့လျှောက်တဲ့အခါမှာ လိုအပ်ချက်တွေက ဘဏ်တစ်ခုနဲ့တစ်ခုမတူနိုင်ပါဘူး။ 

အဓိက လိုအပ်တာကတော့ လစာ ၀င်ငွေအထောက်အထားဖြစ်ပြီး လျှောက်ထားတဲ့သူကို Credit Card ထုတ်ပေးသင့် မပေးသင့်နဲ့ သုံးစွဲနိုင်တဲ့ပမာဏ ကိုသတ်မှတ်ဆုံးဖြတ်ပါတယ်။ 

 

ဘဏ်တိုင်းလိုလိုတောင်းတဲ့လိုအပ်ချက် အထောက်အထားတွေကတော့ 

    • မှတ်ပုံတင်မိတ္တူ

    • အိမ်ထောင်စုဇယားမိတ္တူ

    • လစာဝင်ငွေအထောက်အထား

    • အာမခံမည့်သူ အနည်းဆုံး တစ်ယောက် လိုအပ်ပါတယ်။ 

အာမခံမည့်သူ မှာလည်း မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ လစာဝင်ငွေအထောက်အစား စတာတွေလည်း ယူလာဖို့လိုအပ်ပါတယ်။

နောက်ထပ်မိမိလျှောက်ထားမယ့် ဘဏ်မှာဘာတွေလိုအပ်ဦးမလဲဆိုတာကို အောက်က link မှာသွားရောက်ကြည့်နိုင်ပါတယ်။

https://www.danatoe.com/credit_c.php

သုံးစွဲနိုင်တဲ့ currency တွေကတော့ မြန်မာကျပ်၊ US ဒေါ်လာ၊ စင်ကာပူ ဒေါ်လာ နဲ့ထိုင်းဘက် စတာတွေအပြင် currency တော်တော်များများကို  တိုက်ရိုက် exchange လုပ်ပြီးသုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် currency တစ်ချို့ကိုတော့ နှစ်ဆင့် exchange လုပ်ပြီးမှ အသုံးပြုရတာလဲရှိပါတယ်။ 

ပြည်တွင်းမှာအသုံးပြုမယ်ဆိုရင် Card ထဲမှာရှိတာ မြန်မာကျပ် ဖြစ်ပြီး လက်ခံတဲ့ငွေကြေးကလည်းမြန်မာကျပ် ဆိုရင် Exchange rate ပေးစရာမလိုပါဘူး။ ကျန်တဲ့နိုင်ငံတွေမှာတော့ currency ပြောင်းရတဲ့အတွက် ငွေပေးချေတဲ့ အခါ exchange rate ကြောင့် ပိုက်ဆံအနည်းငယ်ပို ပေးရတယ်လို့ယူဆလို့ရပါတယ်။ 

Exchange Rate တွေကတော့ VISA, Mastercard, UPI စသည်ဖြင့်ကဒ်အမျိုးအစားပေါ်မူတည်ပြီး မတူနိုင်ပါဘူး။

 

Credit Card လျှောက်ပြီးသုံးစွဲတဲ့အခါ အဓိကအကျိုးကျေးဇူးကတော့ 

အကြွေးဝယ်သုံးပြီးတော့ အလုံးအရင်းပြန်ဆပ်ရမယ့် ရက်ကို ၄၅ ရက် ဒါမှမဟုတ် ရက် ၅၀ ( ၀န်ဆောင်မှုပေးတဲ့ဘဏ်ချင်းမတူနိုင် ) သတ်မှတ်ထားတဲ့အတွက် အချိန်မီပြန်ဆပ်နိုင်ဖို့အခွင့်အရေးများပါတယ်။ 

သတ်မှတ်ရက်မကျော်ခင် ပြန်ဆပ်နိုင်မယ်ဆိုရင် အတိုးမပေးရပဲ အကြွေးယူသုံးတာနဲ့တူတာကြောင့် လကုန်ခံနီးငွေချေးချေးနေရတဲ့ပြဿနာကို အထိုက်အလျောက်ကင်းရှင်းစေမှာပါ။

နောက်တစ်ချက်က ငွေသားတွေအများကြီးကိုင်ဆောင်စရာမလိုပဲ ကဒ်နဲ့အလွယ်တကူဈေးဝယ်နိုင်ပါတယ်။ 

ဆိုင်တွေမှာလည်းပိုက်ဆံရှင်းတဲ့အခါမြန်ဆန်ပြီး သုံးလိုက်တဲ့ပမာဏ ကိုအချိန်မရွေးပြန်ကြည့်လို့ရတာကြောင့် ဘယ်လောက်ကုန်သွားပြီလဲ ၊ ဘာတွေသုံးလိုက်လို့လဲ ဆိုတဲ့မေးခွန်းတွေအတွက် အဖြေ ရှိနေမှာပါ။

ကဒ်နဲ့ ငွေသားမဲ့အသုံးပြုမယ်ဆိုရင် Discount တွေခံစားရရှိနိုင်ပါတယ်။ 

နောက်ပြီး ကဒ်နဲ့ အသုံးပြုတာက ငွေသားကိုင်ဆောင်တာထက်ပိုပြီးလုံခြုံမှုရှိပါတယ်။ တစ်စုံတစ်ရာကြောင့်ပျောက်သွားမယ်၊ အခိုးခံရမယ်ဆိုရင် ဘဏ်ကိုချက်ခြင်းဖုန်းဆက်ပြီး မိမိ အသုံးပြုနိုင်မယ့်ငွေ ပမာဏပြန်ရပါတယ်။ ငွေသားအခိုးခံရမယ်ဆိုရင်တော့ အားလုံးသိနေတဲ့အတိုင်းပြန်ရဖို့ဆိုတာ အခိုးခံရတာထက်ပိုကုန်ပါတယ်။ 

 

ကောင်းကျိုးတွေပြောပြီးပီဆိုတော့ ဆိုးကျိုးတချို့အနေနဲ့ကတော့ 

ကဒ်နဲ့အကြွေး အသုံးပြုထားတဲ့ ငွေကို သတ်မှတ်ထားတဲ့ရက်အတွင်းပြန်မဆပ်နိုင်ဘူးဆိုရင် နောက်ကျကြေးနဲ့ အတိုးတွေကြောင့် ငွေကြေးပိုကုန်ကျနိုင်ပါတယ်။ 

နောက်ပြီး ကဒ်ကို အသုံးပြုရတဲ့အတွက် နှစ်စဉ်ကြေးအနေနဲ့ တစ်နှစ်ပြည့်တိုင်းဘဏ်ကို ၀န်ဆောင်ခပေးရပါတယ်။ ဒါကလည်း ၀န်ဆောင်မှုပေးတဲ့ ဘဏ္ဍာရေး ကုမ္ပဏီ တွေပေါ်မူတည်ပြီး ပေးရတဲ့ပမာဏ မတူနိုင်ပါဘူး။ 

နောက်တစ်ခုကတော့ ကဒ်ကို ဆိုင်တိုင်းမှာ အသုံးမပြုနိုင်ပါဘူး။

ဘယ်လောက်ပဲငွေသားမဲ့ပြောပေမယ့် ပြည်လုံးပြည့်အသုံးမပြုတာကြောင့် ရပ်ကွက်ဆိုင်တွေထဲမှာမုန့်ဝယ်တာဖြစ်ဖြစ် ဘက်စ်ကားစီးဖို့ပဲဖြစ်ဖြစ် ငွေကြေးအနည်းငယ်တော့ကိုင်ဆောင်ရဦးမှာပါ။

နောက်ပြီးငွေသားရယူဖို့ Credit Card ထဲက Cash advance လုပ်မယ်ဆိုရင်လည်း ထုတ်ယူတဲ့ငွေပမာဏပေါ်မှာ သတ်မှတ်ထားတဲ့နှုန်းထားနဲ့အတိုးပေးရပါသေးတယ်။ ပုံမှန်အားဖြင့် ဒီလို အတိုးနှုန်း ဟာ သာမန်ထက်ပိုများလေ့ရှိပါတယ်။

ကဒ်ပေါ်က နံပတ်တွေကို တစ်ခြားသူသိသွားမယ်ဆိုရင် သိတဲ့သူက အသုံးပြုလို့ရနိုင်ပါတယ်။ ဒါကြောင့် Credit Card ပေါ်ကနံပတ်တွေကို စာအုပ်ပေါ်မှတ်ထားတာဖြစ်ဖြစ် ဓာတ်ပုံရိုက်ထားတာဖြစ်ဖြစ်မလုပ်ဖို့အကြံပေးလိုပါတယ်။

တစ်ချို့ website တွေက အလိမ်အညာတွေဖြစ်ပြီး Credit Card ကိုရိုက်ထည့်မိမယ်ဆိုရင် မိမိ ငွေကြေးတွေဆုံးရှုံးနိုင်ပါတယ်။ ဘဏ်တွေကို အကျိုးအကြောင်းပြောပြီး သက်သေခိုင်လုံမယ်ဆိုရင် refund ပြန်ရပေမယ့် စောင်ရတဲ့ ရက်က ကြာပြီး လုပ်ရတဲ့ process က အရမ်းလွယ်ကူမနေပါဘူး။

နောက်ဆုံးတစ်ချက်အနေနဲ့  Credit card ကို အသုံးပြုတာ စနစ်မကျဘူးဆိုရင် အကြွေးနွံထဲမှာ နစ်သွားနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့ credit card ကို အကျိုးရှိရှိအသုံးချနိုင်ဖို့ သတ်မှတ်ထားတဲ့ fees တွေ policy ကိုကောင်းကောင်း နားလည်ထားဖို့သင့်ပါတယ်။ 

ကောင်းကျိုးဆိုးကျိုးတွေပြောပြီးပီဆိုတော့ ဒီ credit card ကိုဘယ်လိုနေရာတွေမှာအသုံးပြုကြမလဲ ? 

နိုင်ငံခြားကို ခရီးအလည်သွားတဲ့သူတွေ ဒါမှမဟုတ် မကြာခန သွားတဲ့သူတွေအတွက်ကတော့ credit card က မရှိမဖြစ်လိုအပ်ပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် သင့်မှာငွေကြေးရှိမနေဘူးဆိုလျှင် credit card ကိုအရေးပေါ်အနေနဲ့လည်းအသုံးပြုနိုင်တာကြောင့်ပါ။ 

အွန်လိုင်းမှာ ဈေးဝယ်တဲသူတွေ အတွက် credit card ဟာဆိုရင် မရှိမဖြစ်လိုအပ်ပါတယ်။ နိုင်ငံခြားက ပစ္စည်းတွေလှမ်းမှာမယ်၊ အွန်လိုင်းဝန်ဆောင်မှုတွေရယူဖို့အတွက် credit card ကိုအလွယ်တကူအသုံးပြုနိုင်ပါတယ်။ 

အခုနောက်ပိုင်း promotion အများစုဟာ ဘဏ်တွေနဲ့ချိတ်ဆက်ပြီးလုပ်ကိုင်လာကြတဲ့အတွက် Credit Card အသုံးပြုမှုကို အလေးပေးပြီး promotion တွေပေးကြပါတယ်။ နာမည်ကြီး အွန်လိုင်း shopping website တွေမှာလဲ credit card အသုံးပြုပြီး ၀ယ်ယူမှုတွေအတွက် installment အပြင် အတိုးမဲ့ ပါရနိုင်တဲ့ promotion တွေ တွေ့ရပါတယ်။

Credit card အကြောင်း စုံလင်သလောက်သိပြီးပီဆိုတော့ ဘယ်လို credit card တွေကသုံးရတာပို ပြီး စိတ်ချရတယ်၊ ပိုအဆင်ပြေတယ်ဆိုတာကို အောက်က comment မှာ မျှဝေပေးသွားပါဦးနော်။